ပြင်ဦးလွင်မြို့တွင် EV Taxi ကားဂိတ်ဖွင့်လှစ်၍ ပြင်ဦးလွင်-မန္တလေး- မန္တလေး လေယာဉ်ကွင်း ခရီးစဉ်များ စတင်ပြေးဆွဲမည်

ပြင်ဦးလွင် အောက်တိုဘာ ၁

ပြင်ဦးလွင်မြို့တွင် EV Taxi ကားဂိတ်ဖွင့်လှစ်၍ ပြင်ဦးလွင်-မန္တလေး- မန္တလေး လေယာဉ်ကွင်း ခရီးစဉ်များ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း Power-27 Business Group of Co.,Ltd တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပြင်ဦးလွင်မြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရန်နှင့် မြို့တော်အင်္ဂါရပ်နှင့်အညီ BYD E-2 (2023) လျှပ်စစ်မော်တော်ယာဉ်သစ်များဖြင့် စနစ်တကျပြေးဆွဲနိုင်ရေး၊ ဒေသခံ လုပ်သားပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူ ပြည်သူများဈေးနှုန်း သက်သာစွာဖြင့် ခရီးစဉ်တစ်လျှောက် ငြိမ့်ညောင်းသက်သာအဆင်ပြေစွာ ခရီးသွားလာနိုင်ရေး ရည်ရွယ်၍ Power-27 Business Group of Co.,Ltd က “မင်္ဂလာပါ” အမည်ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး EV Taxi Group  ဂိတ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်ဂိတ်တည်ရှိရာ မန္တလေး-လားရှိုးလမ်းရှိ ဆွမ်းလောင်းသင်းတိုက်ခန်း အမှတ်(၅၊ ၆) တွင် ကျင်းပပြုလုပ်သည်။

အဆိုပါ “မင်္ဂလာပါ” EV Taxi Group  သည် BYD E-2 Taxi သီးသန့် ၂၀၂၃ မော်ဒယ်ယာဉ်အသစ် ၁၅ စီးဖြင့် ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ အသွားခရီးစဉ်တစ်ကြောင်းလျှင် ယာဉ်စီးခအနေဖြင့် တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်းဖြင့်လည်းကောင်း၊ မန္တလေးမြို့မှ ပြင်ဦးလွင်မြို့သို့ အပြန်ခရီးစဉ် တစ်ကြောင်းလျှင်  တစ်ဦးတစ်သောင်းကျပ်နှုန်းဖြင့်လည်းကောင်း၊ ပြင်ဦးလွင်မြို့မှ မန္တလေးလေယာဉ်ကွင်းသို့ တစ်စီးလုံးငှားပါက ငါးသောင်းငါးထောင်ကျပ်၊ မန္တလေးမြို့မှ မန္တလေးလေယာဉ်ကွင်းသို့ တစ်စီးလုံးငှားပါက နှစ်သောင်းငါးထောင်ကျပ်ဖြင့် လည်းကောင်း ပြေးဆွဲပေးမည်ဖြစ်ပြီး “မင်္ဂလာပါ” EV Taxi ကားဂိတ်ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ပြင်ဦးလွင်-မန္တလေးခရီးစဉ် တစ်ကြောင်းစီးရုံဖြင့် ၎င်းနေ့အပြန်ခရီးစဉ်ကို အခမဲ့စီးနင်းလိုက်ပါနိုင်ကြောင်း သိရသည်။

ခရီးသွားမိဘပြည်သူများအနေဖြင့် ခရီးစဉ်များနှင့်ပတ်သက်၍ “မင်္ဂလာပါ” EV Taxi Group  ဂိတ်အား ဆက်သွယ်လိုပါက ပြင်ဦးလွင်ဂိတ်ဖုန်းနံပါတ် - ၀၉ ၄၄၅၀၀၂၀၀၄ ၊ ၀၉ ၉၄၂၂၂၂၃၄၆ ၊ ၀၉ ၉၄၂၂၂၂၃၄၇ နှင့် မန္တလေးဂိတ် - ၀၉ ၄၄၅၀၀၂၀၀၅ ၊ ၊ ၀၉ ၉၄၂၂၂၂၃၄၈၊ ၊ ၀၉ ၉၄၂၂၂၂၃၄၉ တို့သို့ ဆက်သွယ်နိုင်ကြောင်း “မင်္ဂလာပါ” EV Taxi Group  ဂိတ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ  သိရသည်။

ဖြူလူသစ် (ခရိုင်ပြန်/ဆက်)