မိုးညှင်း အောက်တိုဘာ ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း အောက်တိုဘာလ ၂၁ ရက်နေ့တွင် တစ်မြို့နယ် လွှမ်းခြုံသော ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံမည့် အိတ်ချ်ပီဗီ (သားအိမ်ခေါင်း ကင်ဆာ) ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ လာမာမီးက ပြောကြားသည်။
မိုးညှင်းခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်း ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည့် ပုံမှန်ကာကွယ်ဆေး ထိုးဆေးတိုက်ခြင်း အစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး (Human Papillomavirus Vaccine -HPV) စတင်ထည့်သွင်းခြင်း အသိပေးဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ခရိုင်ဆေးရုံအုပ်ကြီးကပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီနေ့လုပ်တဲ့ပွဲက မိတ်ဆက်တဲ့အခမ်းအနားဖြစ်တယ်၊ မနက်ဖြန်ဆိုရင် ဒီအိတ်ချ်ပီဗီကာကွယ်ဆေးကို စတင်ထိုးပေးဖို့ မူလရည်ရွယ်ထားတယ်၊ အခုတော့ ကျွန်မတို့ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ Stay at Home အစီအစဉ်မှာ အကျုံးဝင်နေလို့ ကာကွယ်ဆေးထိုးမည့်ရက်ကို ရွှေ့ဆိုင်းထားတယ်၊ Stay at Home ကာလ လွန်မြောက်တာနဲ့ ရပ်ကွက်/ကျေးရွာ အုပ်စုတွေမှာရှိတဲ့ အသက် ၉ နှစ်နှင့် ၁၀နှစ်ကြားရှိ မိန်းကလေးတွေကို ထိုးပေးသွားမယ်”ဟု ဒေါက်တာလာမာမီးကပြောကြားသည်။
အဆိုပါ အိတ်ချ်ပီဗီကာကွယ်ဆေးအပြင် မြို့နယ်အတွင်း ပုံမှန်ကာကွယ်ဆေးထိုး/တိုက်ခြင်းများကိုလည်း Stay at Home အစီအစဉ်တွင် အကျုံးဝင်နေသဖြင့် ရပ်နားထားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း အိတ်ချ်ပီဗီ ကာကွယ်ဆေး ထိုးပေးရမည့် မိန်းကလေးဦးရေသည် ၂၂၀၀ ကျော်ရှိကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ရက်နေ့စွဲဖြင့် အမိန့်အမှတ် ၁၂၉/၂၀၂၀ဖြင့် ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်များကို Stay at Home (နေအိမ်တွင်နေထိုင်ရေး) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဤအမိန့်သည် အောက်တိုဘာလ ၂၀ရက်နေ့ (ယနေ့) နံနက်(၈)နာရီမှ စတင်သက်ရောက်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်(၁၁)နာရီအချိန်အထိ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဦးရှိပြီး ၁၅ ဦးမှာ ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး လက်ရှိမိုးညှင်းဆေးရုံ သီးသန့်ခန်းတွင် ပိုးတွေ့အတည်ပြု လူနာ(၂)ဦးအား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း ခရိုင်ဆေးရုံအုပ်ကြီးထံမှ သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)