ကလေးစာပေပွဲတော် (မြန်အောင်) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်

မြန်အောင် ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် (မြန်အောင်) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိရာ ယမန်‌‌နေ့က ကလေးစာပေပွဲတော် (မြန်အောင်) ကျင်းပရေး ဦးစီးကော်မတီနာယက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်စုစုအောင်တို့နှင့်အတူ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ ပွဲတော်ကျင်းပရေးကော်မတီ တာဝန်ရှိသူများက ကလေးစာပေပွဲတော် ကျင်းပမည့် အ-ထ-က(၂)မြန်အောင် (နေခြည်) ကျောင်းဝန်းနှင့် အောင်ဇေယျခန်းမတို့ကို ကြည့်ရှု၍ လုပ်ငန်းကော်မတီ တစ်ခုချင်းအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

အဆိုပါ ပွဲတော်အား ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် အ-ထ-က (၂) မြန်အောင် (နေခြည်‌) ကျောင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်အောင်မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များလာရောက် ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ပြခန်းများ ပြင်ဆင်ဆောင်ရွက်ခြင်း၊ ပြိုင်ပွဲနှင့် ကစားပွဲပြုလုပ်ရန် နေရာများပြင်ဆင်ခြင်း၊ မုခ်ဦးများ ဆောက်လုပ်ခြင်း၊ ဖျော်ဖြေရေးခန်းမများ၊ စာဖတ်ခန်းများ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်အောင်မြို့နယ် ကလေးစာပေပွဲတော်တွင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်းနှင့် ရဲတပ်ဖွဲ့ပြခန်း၊ မြန်အောင်ရေနံမြေပြခန်း၊ မွေးမြူ‌ရေးနှင့်ကုသရေးဦးစီးဌာန/ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်း၊ ကလေးစာဖတ်ခန်းနှင့် စာအုပ်အရောင်းဆိုင်များ ထည့်သွင်းကျင်းပသွားမည်ဖြစ်၍ မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်းသိရသည်။

ဝင်းဗိုလ် မြန်အောင်