မန္တလေး အောက်တိုဘာ ၂၀
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အသက် (၆၀) နှစ်အထက်ရှိ မဲဆန္ဒရှင်များ ကြိုတင် မဲပေး နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၁၆လမ်းနှင့် ၈၆ လမ်းထောင့်ရှိ အမြောက်တန်းသစ်လွင် ဓမ္မာရုံ၌ ကျင်းပသည်။
အစည်းအဝေးတွင် အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာ ကိုကိုကြီးက အသက်(၆၀)နှစ်အထက် အသက်အရွယ် ကြီးရင့်သူများ နေအိမ်တွင် ကြိုတင ်မဲပေးနိုင်ရေး အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်ထိ ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ပတ်သက်၍ မဲရုံအလိုက် မဲဆန္ဒရှင်စာရင်းများ သီးခြားစာရင်း ပြုစုထားရန်ကိစ္စ၊ မဲပုံးများကို မဲရုံတစ်ရုံချင်းအလိုက် သီးခြားထားရန်ကိစ္စ၊ မဲရုံများသည့် ရပ်ကွက်များက အဖွဲ့ခွဲ ဆောင်ရွက်ရန်ကိစ္စ၊ လုံခြုံရေးကိစ္စများ၊ သက်ကြီးရွယ်အိုများ ကြိုတင်မဲပေးနိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်များအလိုက် အနည်းဆုံး ၂ ရက် ကြိုတင်၍ အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော် ကြေညာပေးရန် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အတွင်းရေးမှူး ဒေါ်နှင်းနှင်းက ကြိုတင်ဆန္ဒမဲများကို သတ်မှတ်ရက်အတွင်း အချိန်မီ ပြီးစီးနိုင်ရေး စီမံဆောင်ရွက်ကြဖို့လိုကြောင်း၊ ကြိုတင်မဲလက်မှတ်များနှင့် မဲရုံသုံး ပစ္စည်းများကို ကြိုတင်ထုတ်ပေး ထားမည်ဖြစ်သည့်အတွက် ဆောင်ရွက်စရာရှိသည်များကို ကြိုတင် ဆောင်ရွက်ထားကြရန်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာ ထားသည့် အသက်အရွယ် ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲပေးခွင့်ပြုကြောင်း အသိပေး ထုတ်ပြန် ကြေညာချက်အား ဖတ်ကြားဆွေးနွေးသည်။
ထို့နောက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်သင်းက ဆန္ဒမဲလက်မှတ်များ ထည့်သွင်းသိမ်းဆည်းရန်အတွက် ဆန္ဒမဲပုံးများ ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များ၊ ဆန္ဒမဲ လက်မှတ်များ ထုတ်ပေးခြင်း၊ သိမ်းဆည်းခြင်းများ ဆောင်ရွက်သည့်အခါ ဆောင်ရန်ရှောင်ရန် အချက်များနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက သိရှိလိုသည်များကို ဝိုင်းဝန်းမေးမြန်း ဆွေးနွေးကြရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက နိဂုံးချုပ် စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး များ တက်ရောက်ကြသည်။
အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်စုစုပေါင်း ၁၈၀၀၀၀ ကျော်ရှိပြီး အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်ဦးရေ ၂၅၈၀၂ ဦးရှိကာ အဆိုပါအသက် အရွယ်ကြီးရင့်သူများအား ၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့ထိ နေအိမ်တွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေး အတွက် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)