နောင်မွန် အောက်တိုဘာ ၂၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းကို ယမန်နေ့နံနက် ၉ နာရီခန့်က နောင်မွန်မြို့နယ် အခြေခံအထက်တန်း ကျောင်းခန်းမ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဆန်နိုင်ဆင်ရမ်က ပြည်သူ့ဆန္ဒ နှင့်အညီ လွတ်လပ်၍ တရားမျှတပြီး အများယုံကြည်လက်ခံသော ရွေးကောက်ပွဲ ဖြစ်စေရန် အတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင်လည်း မဲရုံမှူးနှင့် ဒုမဲရုံမှူးများ၏ တာဝန်သည်လည်း အလွန် အရေးကြီးကြောင်း၊ ယနေ့သင်တန်းတွင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဆိုင်ရာများ နှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့် လုပ်ငန်းလမ်းညွှန်ကြားချက်များကို ရွေးကောက်ပွဲ ကျင်းပချိန်တွင် ပါဝင်ကူညီပေးကြသော မဲရုံမှူး၊ ဒုမဲရုံမှူးများအတွက် လုပ်ငန်းစဉ်အဆင့်ဆင့်အား လွယ်ကူစွာ သိရှိနားလည်စေရန် ရည်ရွယ်၍ သင်တန်း ပေးရကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးခင်မောင်မြင့်ကလည်း ရွေးကောက်ပွဲဆိုင်ရာ သင်တန်းသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမများအား လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဦးအောင်ဇော်ဦးနှင့် ဒုတိယဦးစီးမှူး ဒေါ်ခင်မြမြမိုး တို့က မဲရုံမှူး၊ ဒုမဲရုံမှူးများကို လုပ်ငန်းလမ်းညွှန်ပါ လုပ်ဆောင်ရမည့် ဆောင်ရွက်ရန် အချက်များ၊ မဲရုံတစ်ရုံ၏ဖွဲ့စည်းထားရှိမှုကို လက်တွေ့ခင်းကျင်းပြသခြင်း၊ မဲပေးခြင်းလုပ်ငန်း အဆင့်ဆင့်၊ မသန်စွမ်းသူ မဲဆန္ဒရှင်များ လက်လှမ်းမီနိုင်သော ဆန္ဒမဲပေးခြင်း၊ ခက်ခဲသော အခြေအနေ များအား ကိုင်တွယ်ဖြေရှင်းနိုင်ရေး၊ ကြိုတင်မဲရေတွက်ခြင်း၊ မဲရုံမဲလက်မှတ်ရလဒ်ရေတွက်ခြင်း၊ ဆောင်ရန်/ရှောင်ရန်များနှင့် မဲရုံပိတ်သိမ်းခြင်း စသည်တို့ကို ဆွေးနွေးပို့ချခဲ့သည်။
ထို့နောက် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းချက်များကို တာဝန်ရှိသူ အသီးသီးတို့က ပြန်လည် ဖြေကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံ(၂၅)ရုံအတွက် ဆရာ၊ ဆရာမ(၅၀)ဦး တက်ရောက်ခဲ့ ကြောင်းနှင့် သင်တန်းကို တစ်ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
မြနန်း(ပြန်/ဆက်)