မတူပီ အောက်တိုဘာ ၂၀
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က တက်ရောက်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသစ်လွင်သိမ်းက သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာများနှင့် ဆေးထိုးနှံမည့် အစီအစဉ်များအား ရှင်းလင်းပြီး မတူပီမြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနအနေဖြင့် မတူပီမြို့နယ် အတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း မိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး HPV ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် ထည့်သွင်းထိုးနှံဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ အသိပေးဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ် ကျန်းမာရေးဌာနမှူး ဒေါက်တာသစ်လွင်သိမ်း၊ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးမှ တာဝန်ရှိသူများနှင့် ကျန်းမာရေး ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)