မိုင်းကိုင် အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပေး ရှင်းလင်းမှု တစ်ရပ်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ၊ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းထွန်းလှိုင်းက ပုံမှန်ထိုးနှံပေး နေသော ကာကွယ် ဆေး ၁၂ မျိုးအပြင် ယခု ထပ်မံ၍ သားအိမ်ခေါင်းကင်ဆာ ကာကွယ် ဆေးကိုလည်း ပုံမှန် ကာကွယ်ဆေး အမျိုးအစား များထဲတွင် ပါဝင်ထည့်သွင်း ထိုးနှံပေးသွား မည် ဖြစ်ကြောင်းနှင့် သားအိမ်ခေါင်း ကင်ဆာ ရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါလက္ခဏာများ၊ ကာကွယ်ဆေးထိုးနှံခြင်း အကြောင်း သိကောင်းစရာ များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်သူနာပြုအဆင့်(၁) ဒေါ်နန်းခမ်းလှိုင်က မိုင်းကိုင်မြို့နယ်အတွင်း ကောက်ယူထားသော သန်းခေါင် စာရင်း အရ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးမည့် ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလမှ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လအတွင်း မွေးဖွားသော အမျိုးသမီး ငယ်များ ၊အသက် အပိုင်း အခြားအားဖြင့် အသက် ၉ နှစ်မှ ၁၀ နှစ်အထိ ရည်မှန်းအမျိုး သမီးငယ်ဦးရေ ၈၁၅ ဦးတို့ကို အောက်တိုဘာလ ၂၀ ရက်နေ့ ညနေပိုင်းမှ စတင်၍ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း ကာကွယ် ဆေးထိုးနှံရမည့် အမျိုးသမီးငယ်များ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ကျန်းမာရေးဌာနနှင့် ကျန်းမာရေး ဌာနခွဲများသို့ သွားရောက် ထိုးနှံနိုင်ရေး အသိပေးရှင်းလင်းခဲ့ကြောင်း သိရသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)