မူဆယ်မြို့နယ်တွင် မိန်းကလေးငယ် (၁၄၁၈) ဦး အား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကို စီမံချက်ဖြင့် ထိုးနှံပေးမည်

မူဆယ် အောက်တိုဘာ ၂၀

ကျန်းမာရေးဝန်ကြီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုး/တိုက်ကျွေးမည့် အစီအစဉ်တွင် သားအိမ်ခေါင်း ကင်ဆာ ရောဂါ ဖြစ်ပွားမှုမှကာကွယ်ရန် အသက်(၉)နှစ်နှင့် (၁၀)နှစ်အကြား မိန်းကလေးငယ်များ အတွက် သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးကို မူဆယ်မြို့နယ်အတွင်းရှိ မိန်းကလေးငယ် (၁၄၁၈)ဦးတို့အား ထိုးနှံပေးသွားရန် ရည်မှန်းထားကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ (HPV) ကာကွယ်ဆေး စတင်ထိုးနှံမည့်အစီအစဉ်နှင့် ပတ်သက်၍ ယနေ့နံနက် (၉:၃၀)နာရီ အချိန်က မူဆယ်ပြည်သူ့ဆေးရုံခန်းမတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာမှ တာဝန်ရှိသူ များ၊ NGO, INGO များ ဖိတ်ခေါ်ကာ ကာကွယ်ဆေးသစ်ထိုးနှံသွားမည့် အစီအစဉ်နှင့် ပတ်သက်၍ ခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဟန်နိုင်စိုးမှ မိတ်ဆက်ခြင်းနှင့် ပြည်သူ့ကျန်းမာရေး လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာကျော်မျိုးထက် က သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်တည်လာပုံ၊ အကျိုးဆက်၊ ကြိုတင်ကာကွယ်ရေးစသည့် အသေးစိတ်ကို Projector ဖြင့် ရှင်းလင်းတင်ပြသည်။ 

(HPV) ကာကွယ်ဆေးထိုးနှံရာတွင် ယခုနှစ်မှစတင်ထိုးနှံခြင်းဖြစ်သဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ပြည်သူလူထုအခြေပြုပုံစံဖြင့် ထိုးနှံသွားမည် ဖြစ်ကြောင်းနှင့် ကာကွယ်ဆေး ကို (၂)ကြိမ်ထိုးပေးမည်ဖြစ်ရာ တစ်ကြိမ်နှင့်တစ်ကြိမ် (၁၂)လခြား ထိုးနှံပေးရမည်ဖြစ်ကြောင်း သိရသည်။

အယ်လ်စိုး(ပြန်/ဆက်)