ဇေယျာသီရိမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့်မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်

 

ဇေယျာသီရိ  အောက်တိုဘာ  ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။                                                                  

အခမ်းအနားတွင် ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးအောင်သူစိုးက အဖွင့်အမှာ စကားပြောကြားရာတွင် ရွေးကောက်ပွဲကော်မရှင်၏စံ(၅)ရပ်နှင့်အညီ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးအား ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နည်းဥပဒေ ၃၉(ဂ)အရ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌမှ လက်မှတ်ရေးထိုး ခန့်ထားဆောင်ရွက်ပေးရပါကြောင်းနှင့် ရွေးချယ်ခန့်ထားရာတွင် နိုင်ငံ့ဝန်ထမ်း များထဲမှ ဦးစားပေးပြီးခန့်အပ်ပါကြောင်း၊ လိုအပ်ချက်ရှိပါက မဲဆန္ဒရှင်စာရင်းတွင် အမည်ပါရှိသည့် သက်ဆိုင်ရာမဲဆန္ဒနယ်အတွင်းမှ အများယုံကြည်လေးစားခြင်းခံရသည့် ပုဂ္ဂိုလ်များကိုလည်း မဲရုံအဖွဲ့ဝင် အဖြစ်တာဝန်ပေးအပ်ရပါကြောင်း  ပြောကြားခဲ့ပြီးနောက် ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌနှင့် ပြန်/ဆက်ဦးစီးဌာနဦးစီးမှူး ဒေါ်မြစန်းရီတို့က မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအားခန့်အပ်လွှာများအသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် ဇေယျာသီရိမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင် ကမြို့နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်း ပနိုင်ရေးအတွက် တက်ရောက်လာသော ရပ်ကွက် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၏ တင်ပြလာမှု အပေါ် ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။                                      

ဇေယျာသီရိမြို့နယ်တွင် ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၃)အုပ်စုရှိပြီး   စုစုပေါင်းမဲရုံ (၇၄)ရုံ၊  မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်ပေါင်း( ၈၄၆) ဦးရှိကြောင်း သိရသည်။

အေးလင်းထွန်း(ပြန်/ဆက်)