ပင်းတယ အောက်တိုဘာ ၂၀
လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် မိုင်းအင်ကျေးရွာ တိုက်နယ်ဆေးရုံကြီး၏ အရှေ့လမ်းမပေါ်၌ လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် Mask Campaign ကို ယနေ့ နံနက် ၁၀ နာရီအချိန် က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို ပင်းတယမြို့နယ် ကြက်ခြေနီအသင်း မြို့နယ်တပ်ခွဲမှူး ဦးဇော်မင်းသူနှင့် ကြက်ခြေနီအသင်းဝင်များတို့က မိုင်းအင်ကျေးရွာရှိ တိုက်နယ်ဆေးရုံ ရှေ့လမ်းမကြီးရှိ လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအကြောင်းတို့ကို အသိပညာပေးပြောကြားခြင်း၊ နှာခေါင်းစည်းများကို မဖြစ်မနေ တပ်ဆင်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် နည်းလမ်းများအတိုင်း နေထိုင်ကြရန်နှင့် ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင် များတို့ကိုလည်း ဖြန့်ဝေပေးခဲ့ကြပြီး ပြည်သူများအား နှာခေါင်းစည်းများကို အခမဲ့ပေးဝေခဲ့ကြကြောင်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)