နောင်တရားမြို့၌ အိတ်ချ်ပီဗီကာကွယ်ဆေးကို ပုံမုန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းခြင်း အသိပေးရှင်းလင်း

နောင်တရား   အောက်တိုဘာ ၂၀

အိတ်ချ်ပီဗီပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် အိတ်ချ်ပီဗီ ကာကွယ်ဆေးကို ပုံမုန်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း အသိပေးရှင်းလင်းပွဲကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ တိုက်နယ် ပြည်သူ့ဆေးရုံ၌ ယမန်နေ့မွန်းလွဲပိုင်း က ကျင်းပပြုလုပ်သည်။

အဆိုပါအသိပေးရှင်းလင်းပွဲတွင် နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်း က အဖွင့်အမှာ စကားပြောကြားပြီး နောင်တရားမြို့ တိုက်နယ်ပြည်သူ့ဆေးရုံမှ တာဝန်ခံဒေါက်တာ ဝတ်ရည်ဖြိုး က သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားတတ်သည့် အခြေအနေများကို လည်းကောင်း၊ နောင်တရားမြို့ ကျေးလက် ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးနေမျိုး က ကာကွယ်ဆေးထိုးနှံမည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။

နောင်တရားမြို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် စတင်ထိုးနှံမည်ဖြစ်ပြီး  အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ်မကျော်သေးသော မိန်းကလေးတိုင်းကို ထိုးနှံပေးခြင်းအားဖြင့် အိတ်ချ်ပီဗီပိုးနှင့် စတင်ထိတွေ့ခြင်းမရှိမီ အချိန်တွင် ကြိုတင်ကာကွယ်ထားနိုင်ခြင်းကြောင့် ယခုလတွင် တစ်ကြိမ်နှင့် (၁၂)လခြားပြီး တစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးကို ပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံပေးမည်ဟု ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။ အသိပေး ရှင်းလင်းပွဲသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးလက်ကျန်းမာရေး ဌာနမှ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။       

ခွန်အောင်(နောင်တရား)