နောင်ချိုမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ (HPV)ကာကွယ်ဆေးကို ပုံမှန်ကာကွယ် ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ

နောင်ချို အောက်တိုဘာ  ၂၀

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ (HPV)ကာကွယ်ဆေးကို ပုံမှန်ကာကွယ် ဆေးထိုး အစီအစဉ်တွင်  စတင်ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁:၃၀)နာရီအချိန် က မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နောင်ချိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကိုကို က သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီးများတွင် အဖြစ်များသည့် ရောဂါဖြစ်ကြောင်း၊ ၎င်းရောဂါသည် အဓိကလိင်ဆက်ဆံရာမှ ကူးစက်ခြင်း ဖြစ်ကြောင်း မိန်းကလေးများအနာဂတ်မှာ ဖြစ်ပွားနိုင်သော သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်ပေး နိုင်သည့် (HPV)ကာကွယ် ဆေးသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (၁၃)ခုမြောက် အသုံးပြုသော ကာကွယ်ဆေး ဖြစ်ကြောင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းမှုကို ပြန်လည် ဆွေးနွေးခဲ့သည်။

အဆိုပါ (HPV) ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၁၀ ခုနှစ် စက်တင်ဘာလ(၁) ရက်နေ့မှ ၂၀၁၁ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့အတွင်း မွေးဖွားခဲ့သည့် အသက်(၉)နှစ်မှ အသက်(၁၀)နှစ်အတွင်း အမျိုးသမီးငယ်များကို ၂၀၂၀ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့မှ စတင်၍ ကာကွယ်ဆေးထိုး နှံသွားမည်ဖြစ်ပြီး ပထမကြိမ် ထိုးနှံပြီးပါက  ၁၂ လခြားကာ ဒုတိယအကြိမ် ထိုးနှံပေးသွားမည် ဖြစ်ပြီး နောင်ချိုမြို့နယ်အတွင်း အသက် (၉)နှစ်နှင့်(၁၀) နှစ်အထိ အမျိုးသမီးငယ် ရည်မှန်းဦးရေ (၁၅၈၉)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အခမ်းအနားသို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရ အဖွဲ့များ၊ ပုဂ္ဂလိကဆရာဝန်များ၊ သွေးလှူရှင်အသင်းတို့ တက်ရောက်ခဲ့ကြသည်။

ထွေးငယ် (နောင်ချို၊ပြန်/ဆက်)