ရေဇွာ အောက်တိုဘာ ၂၀
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင်စိုက်ပျိုးရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် တောင်သူဦးလွှာထာ၏ လယ်ကွက်(၁)ဧကတွင် ရွှေရင်အေးမျိုးသန့်စပါးအား စပါးအစွမ်းရှိ စိုက်ပျိုးနည်း (SRI)စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လက စိုက်ပျိုးခဲ့သော မိုးစပါးစံပြစိုက်ကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
"စိုက်ပျိုးရေးဦးစီးဌာန၏ သတ်မှတ်ချက်အရ (၆.၆)ပေပတ်လည် (၀.၀၀၁)ဧကတွင်ပျမ်းမျှ နို့ဆီဘူး(၁၅)ဘူး ထွက်ရှိသောကြောင့် လယ်(၁.၀၀)ဧကအထွက်နှုန်းမှာ (၁၄၀.၀၃) ထွက်ရှိမှာ ဖြစ်ပါတယ်၊ ယခင်နှစ်ကလယ် (၁.၀၀)ဧကတွင် စပါးတင်(၁၁၀.၆၇)တင်း ထွက်ရှိကာ ယခုနှစ်စံပြကွက် ရိတ်သိမ်းခြင်းအရ (၁.၀၀)ဧကလျှင် (၁၄၀.၀၃)တင်း ထွက်ရှိတာကြောင့် ယခင်နှစ်ထက် ယခုနှစ်တွင် အထွက်နှုန်း ပိုမိုကောင်းမွန်လာတာဖြစ်တယ်၊ ဒီလိုသဘာဝမြေသြဇာ သုံးစွဲပြီး စိုက်ပျိုးခြင်းကြောင့် စိုက်ပျိုးရေးတောင်သူများ အနေဖြင့် Organic သီးနှံတွေ စားသုံးရခြင်း၊ ပျိုးသက်နုနုဖြင့် စိုက်ပျိုးခြင်းကြောင့် အထွက်နှုန်း ပိုမိုမြင့်မားခြင်း၊ ကိုယ်ပိုင်မျိုးစေ့ ထုတ်လုပ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်" ဟု စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးစီးမှူး ဦးဟာအောင်က ပြောကြားခဲ့သည်။
အဆိုပါရွှေရင်အေးမျိုးသန့်စပါးစံပြစိုက်ခင်း ရိတ်သိမ်းရာတွင် ထွက်ရှိလာသော စပါးများအား ချိန်တွယ်တိုင်းတာ ခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှမြို့ ဦးစီးမှူး ဦးဟာအောင် ဦးဆောင်ပြီး စနစ်တကျ ချိန်တွယ်တွက် ချက်ပေးခဲ့ကြောင်း သိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)