နမ့်စန်မြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများထံ မဲရုံလုပ်ငန်းသုံးပစ္စည်းများ ထုတ်ပေး

နမ့်စန်(တ) အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲရုံလုပ်ငန်းသုံးပစ္စည်းများကို ယနေ့နံနက် ၁၀နာရီ ကစတင်၍ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် စနစ်တကျထုတ်ပေး လျက်ရှိကြောင်း သိရသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသောင်၊ အတွင်းရေးမှူး ဒေါ်မျိုးမျိုးအောင် နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့အတွင်းရှိ မဲရုံများအတွက် လွှတ်တော် အလိုက် မဲပုံးများ၊ ဆန္ဒပြုခန်း၊ ဆာလာအိတ် ချိပ်တောင့်၊ ချိပ်ထိုးတံဆိပ်၊ အမှတ်ခြစ်တံဆိပ်၊ လုံခြုံရေးကြိုး၊ ဗွီနိုင်း၊ အမှိုက်ပုံး၊ မှင်အိုး၊ မှင်ခွက် ကာဗွန်၊ ဆော့ပင်နှင့် အခြားမဲရုံသုံးပစ္စည်း စုစုပေါင်း (၃၄)မျိုးကို  ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ထံ စနစ်တကျထုတ်ပေးလျှက်ရှိပြီး အဆိုပါပစ္စည်းများ ထုတ်ပေးနေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် တာဝန်ရှိသူများက ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက်  ၁၁ခုနှင့် ကျေးရွာအုပ်စု ၂၀ ခုတို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၉၁၆၉၆ ဦးရှိပြီး မဲရုံ ၁၀၃ ရုံ လျာထားဆောင်ရွက်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ထံမှ သိရသည်။

သူရအောင် (ပြန်/ဆက်)