ဟိုပန် အောက်တိုဘာ ၂၀
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် သားအိမ် ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း အသိပေးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁)နာရီ အချိန် က ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံရှိ အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် သူနာပြုဆရာမများ တက်ရောက်ခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာအုန်းဝင်းမှ အသက်(၉)နှစ်မှ (၁၀)နှစ်အထိ မိန်းကလေးငယ်များ HPV (Human Papillomavirus) ကာကွယ်ဆေး ထိုးနှံရခြင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ဆက်နွယ်မှုအခြေ အနေများ၊ သားအိမ်ခေါင်း ကင်ဆာနှင့် ရောဂါလက္ခဏာများအကြောင်းကို လည်းကောင်း၊ ဟိုပန် မြို့နယ် သူနာပြုအဆင့်(၁) ဆရာမကြီး ဒေါ်အမ်ဆင်းက ရပ်ကွက်/ကျေးရွာများသို့ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးထိုးနှံမည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါသားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဟိုပန်မြို့နယ်၌ အောက်တိုဘာလ (၂၃)ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်ရက်လျှင် ရပ်ကွက်/ ကျေးရွာများရှိ မိန်းကလေးငယ် အယောက် (၁၀၀)ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)