မိုးကောင်းမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲများရောက်ရှိ

မိုးကောင်း      အောက်တိုဘာ     ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်ပြင် ပရောက်သူများက ပုံစံ(၁၅)ဖြင့် ကြိုတင်မဲပေးရန် တောင်းဆိုထားသူများတွင် မိုးညှင်းအကျဉ်းထောင်မှ ကြိုတင်မဲပေးသူ (၃၀)ဦး၏ ဆန္ဒမဲများ မိုးကောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ ယမန်နေ့တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

ရောက်ရှိလာသော ကြိုတင်ဆန္ဒမဲများအား သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ် လောင်းများ၊ နိုင်ငံရေးပါတီမှ တာဝန်ရှိသူများရှေ့မှောက်တွင် ကြိုတင် ဆန္ဒမဲလက်မှတ်များအား သက်ဆိုင်ရာ မဲပုံးအတွင်းထည့်ခြင်းကို ယနေ့နံနက် (၁၁)နာရီတွင် ဒုတိယအကြိမ်ဆောင်ရွက်ခဲ့သည်။

မိုးညှင်းအကျဉ်းထောင်မှ အချုပ်ကျနေသူ(၃၀)ဦးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ အတွက်(၃၀)စောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက်(၃၀)စောင်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁) အတွက်(၁၃)စောင်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)အတွက်(၁၇)စောင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ နေရာအတွက်(၁၂)စောင်၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာနေရာအတွက်(၁၂)စောင်တို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)