ဖယ်ခုံမြို့နယ်၌ အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကျင်းပ

ဖယ်ခုံ အောက်တိုဘာ  ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မှ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ က မြို့နယ်ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ဗဟိုအဆင့်အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့်မိန့်ခွန်း နှင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေး ၏ အမှာစကားတို့ကို Projector ဖွင့်လှစ်ပြသသည်။ ထို့နောက် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော်ဦး က အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး ထိုးနှံရန်လာရောက်သော ကလေးနှင့်မိဘများအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ချို က မိန်းကလေးငါးဦးအား ကာကွယ်ဆေးလက်တွေ့သရုပ်ပြ ထိုးနှံပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်နှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော်ဦးနှင့် ကျန်းမာရေး၀န်ထမ်းများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အိတ်ချ်ပီဗီ(HPV) ကာကွယ်ဆေး ထိုးနှံရန်လာရောက်သော ကလေးနှင့်မိဘများ တက်ရောက်ခဲ့ကြပြီး ကကွယ်ဆေးထိုးနှံပြီးသော ကလေးငါးဦးအား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကြသည်။

အိတ်ချ်ပီဗီ (HPV)ကာကွယ်ဆေးကို ယနေ့မှစတင်ပြီး ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထိုးနှံသွား မည်ဖြစ်ကြောင်း၊ အသက်ကိုးနှစ်မှ ဆယ်နှစ်ထိမိန်းကလေးများ၊ (၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ တစ်ရက်နေ့မှ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၃၁ အတွင်း မွေးဖွားသော မိန်းကလေးများ) အားလုံးကို ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ဖယ်ခုံမြို့နယ်အတွင်း အသက်ကိုးနှစ်မှ ဆယ်နှစ်ထိ မိန်းကလေး ၁၄၆၀ ဦး ရှိပြီး ကာကွယ်ဆေး ရရှိမှု ရာခိုင်နှုန်းအရ ၁၁၉၉ ဦးကို ထိုးနှံပေးနိုင်မည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထပ်မံရရှိပါက ကျန်ရှိသော မိန်းကလေးများအား နို၀င်ဘာတွင် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော်ဦး ထံမှ သိရသည်။

မောင်မောင်ထွေး(ပြန်/ဆက်)