မက်မန်း အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘက်စုံထူးချွန်သော လူငယ်များဖြစ်လာစေရန်၊ ကျောင်းနေပျော်၍ စာတော်သောလူငယ်များဖြစ်လာစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေ ရန်ရည်ရွယ်၍ “လူငယ်နှင့် အချိန်” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာ ဟောပြောပွဲကို မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရတနာ ခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က ဟောပြောပွဲကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်အိအိအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က ဟောပြောရာတွင် “ယနေ့နိုင်ငံတော်တွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ချက်တွင် လူမှုရေးဦးတည်ချက်၌ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလ(၅)တန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး အချက်လည်း ပါရှိပါကြောင်း၊ ယနေ့မက်မန်းမြို့အခြေခံပညာထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများသည် ယနေ့တွင်လူငယ်၊ နောင်ဝယ်လူကြီးဆိုသည့် စကားအတိုင်း၊ မလွဲမသွေကြီးမြင့်လာ မည်ဖြစ်ပါကြောင်း၊ ယနေ့ ကျောင်းသားလူငယ်များအနေ့ဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ရန်မှာလည်း အရေးကြီးပါကြောင်း၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်မှ အောင်မြင်မှု များရရှိ နိုင်မည်ဖြစ်ပါကြောင်း၊ အချိန်၏ တန်ဖိုးကို သိရှိနားလည်၍ ကျောင်းပညာရေးများကို ဆုံးခန်းတိုင်အောင် သင်ယူတတ်မြောက်ကြရမည်ဖြစ်ပါကြောင်း” ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မက်မန်းမြို့အခြေခံပညာအထက်တန်းကျောင်းမှ Grade (10)၊ Grade (11)၊ Grade (12)တွင် တက်နေကြသော ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ၊ (ခရိုင်၊ပြန်/ဆက်)