မိုးနဲ မတ် ၁၉
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများလတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ခြင်း မခံရစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ ရုံးရှေ့မြေစိုက်ဘုတ်တွင် သင်နှင့်သင့်မိသားစု ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကာကွယ်ပါ ခေါင်းစဉ်ဖြင့် အသိပညာပေး ပိုစတာနှင့်စာစောင်များကို ယနေ့နံနက်ပိုင်းတွင် ပြသဆောင်ရွက် ထားရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ လျင်မြန်စွာ ကူးစက်တတ်သော ရောဂါဖြစ်သောကြောင့် ကူးစက်ရောဂါ ဖြစ်ပွားနေသော ဒေသမှ ပြန်လာသူများအနေဖြင့် မိမိထံမှတစ်ဆင့် ထပ်မံကူးစက်ခြင်း မရှိစေရန် လိုက်နာရမည့် အချက်များ၊ နှာချေ၊ ချောင်းဆိုးသည့်အခါတိုင်း နှာခေါင်းနှင့် ပါးစပ်ကိုလုံခြုံစွာ ဖုံးအုပ်ခြင်းဖြင့် မိမိ၏ မိသားစုနှင့် ပတ်ဝန်းကျင်ကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများ ကူးစက်ခြင်းမှ ကာကွယ်ရန် နည်းလမ်းများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါ လက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ ရောဂါပိုးများအား လက်နှင့်ကိုင်တွယ် ထိတွေ့ရာမှ တစ်ဆင့် ကူးစက်နိုင်သဖြင့် စနစ်တကျလက်ဆေးရန် လက်ဆေးနည်းများ၊ ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံး သတင်းပို့၍ ကုသမှုခံယူခံရန်စသည့် အသိပေးစာစောင်များကို ပြသထားရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)