ပင်လောင်း အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် အသက် ပြည့်ပြီး (၉)နှစ်မှ(၁၀)နှစ်အထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထိုးနှံခြင်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီ က မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေး က ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေး၊ မိခင်နှင့်ကလေး စောင့်ရှောက် ရေး အသင်း အဖွဲ့ဝင် ဒေါ်ဆွေဆွေသန်း တို့က ပုံမှန်ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။
ထို့နောက် ပင်လောင်းမြို့ပေါ်ရှိ အသက်ပြည့်ပြီး (၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ အိတ်ချ်ပီဗီ (HPV) ပုံမှန်ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း၊ အဆိုပါ ပုံမှန်ကာကွယ်ဆေးများကို မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တီကျစ် တိုက်နယ်ကျန်းမာရေး ဌာန၊ နောင်တရား၊ ပေါင်းလောင်း၊ ဆောင်းပြောင်း၊ ထီရိုင်း၊ မိုးနဲ၊ ဗန်းမောက်ကျေးလက်ကျန်းမာရေး ဌာနများတွင် အသက် (၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ် စုစုပေါင်း ၁၉၅၇ ဦးအား ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
ခွန်အာကာစိုး (ပင်လောင်း)