မြင်းခြံ အောက်တိုဘာ ၂၁
မြင်းခြံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အဖြူရောင်လက်များ ပရဟိတအသင်းမှ Swab နမူနာယူရာတွင် အဆင်ပြေချော မွေ့စေရန်အတွက် လှူဒါန်းသော Mobile Swab Collection ကားကို ယမန်နေ့ နံနက်ပိုင်းတွင် စတင်အသုံးပြုခဲ့ကြောင်း သိရသည်။
မြင်းခြံတက္ကသိုလ်၊ အထက(၃)နှင့် စင်ရော်ဟိုတည်တို့တွင် Facility Quarantine ထားရှိသောသူများအား Swab နမူနာရယူရန်အတွက် Mobile Swab Collection ကားကို စတင် အသုံးပြုကာ Facility Quarantine ဝင်ရောက်နေသော (၃၈) ဦးအား Swab နမူနာရယူခဲ့ပြီး မန္တလေး ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း မြင်းခြံ ခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၆၅) ဦးထိရှိခဲ့ပြီး (၆၃ )ဦးမှာ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံ ဆင်းခွင့်ရရှိပြီး လက်ရှိ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ (၂)ဦး ဆေးကုသမှုခံယူလျက်ရှိပြီး ကျန်းမာရေးမှာ ကောင်းမွန်လျက် ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)