လောက်ကိုင် အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်း က အဖွင့်အမှာစကား ပြောကြားပြီး ဒေသဦးစီးအဖွဲ့၊ အတွင်းရေးမှူး ဦးထွန်းကျော်ကျော် က အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးအာကာမင်း က လောက်ကိုင်မြို့နယ်တွင် မဲပေးနိုင်သူ (၅၆၀၆၁)ဦးနှင့် ကုန်းကြမ်းမြို့နယ်တွင် မဲပေးနိုင်သူ (၂၇၆၀၂)ဦး၊ စုစုပေါင်း (၈၃၆၆၃)ဦး ရှိကြောင်း နှင့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေဒိုးနှင့် ကုန်းကြမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းစိုး တို့က အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်ပက်သက်၍ ဆောင်ရွက်ထား ရှိမှုများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။ ယင်းနောက် လောက်ကိုင်မြို့ ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာဇော်ထွန်းငြိမ်း က ကိုဗစ်-၁၉ ရောဂါနှင့် ပက်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် မဲရုံ (၁)ရုံလျှင် အပူချိန်တိုင်းစက် (၁)ခု၊ လက်သန့်ဆေးရည်နှင့် မဲဆန္ဒရှင်များအား နှာခေါင်းစည်း Mask တစ်ခုစီ တပ်ဆင်နိုင်ရေး ဆောင်ရွက်ထားရှိကြောင်းနှင့် တက်ရောက်လာသူများက မိမိတို့၏ ကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်း က နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းမြမြ (ပြန်/ဆက်)