မိုင်းဖြတ် အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် Facility Quarantine ဝင်နေသူ ၂၀ဦးထံမှ နှာခေါင်း တို့ဖတ်နှင့် အာခေါင်တို့ဖတ်အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ရယူခဲ့ပြီး တာချီလိတ်ခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ပို့ဆောင်စစ်ဆေးထားကြောင်း သိရသည်။
ထိုသို့ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်များ နမူနာရယူရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဓာတ်ခွဲကျွမ်းကျင်-၃ ဒေါ်အိသက်မွန်နှင့် ဝန်ထမ်းများက အထက(ဟိုနား)Facility Quarantine Centre မှ အမျိုးသား ၉ဦးနှင့် အထက(မိုင်းဖြတ်) Facility Quarantine Centre မှ အမျိုးသမီး ၁၁ဦးထံက နမူနာရယူခဲ့ပြီး အဆိုပါ Quarantine ဝင်နေသူများ၌ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းစသည့် ရောဂါလက္ခဏာ များ တစ်စုံတစ်ရာမရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် နမူနာရယူသူများသည် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်သူများ ဖြစ်ကြကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)