မိုးကောင်း အောက်တိုဘာ ၂၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်တွင် အိတ်ချ်ပီဗီ ကာကွယ်ဆေး ထည့်သွင်းခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ (၁)နာရီတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ အဖွင့်မိန့်ခွန်းပြောကြားခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပုံမှန် ကာကွယ်ဆေး ထိုး/တိုက် အစီအစဉ်တွင် အိတ်ချ်ပီဗီ ကာကွယ်ဆေး စတင်ထည့်သွင်းခြင်းနှင့် ပတ်သက်၍ ပြောကြားမှုတို့ကို Zoom Application ဖြင့် ပြသထားမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကောင်းမြတ်စံနှင့် ကျန်းမာရေး ဝန်ထမ်းများက ကြည့်ရှုခဲ့ကြသည်။
“မြို့နယ်တစ်ခုလုံးရဲ့ Target ကတော့ (၉) နှစ်နဲ့(၁၀) နှစ်ကြားဆိုတော့ (၁၆၀၀) လောက်တော့ ရှိမှာပါ။ ကိုဗစ် စည်းကမ်းချက်နဲ့အညီ ဆောင်ရွက်သွားမှာပါ။ (၁၀) ရက်အတွင်း ထိုးနှံပေးမယ်။ လာထိုးဖြစ်တဲ့ လူတွေရှိသလို မထိုးဖြစ်တဲ့သူတွေ ရှိမှာစိုးလို့ ခရီးထွက်သွားသူတွေ၊ မသိလိုက်သူတွေကျန်ခဲ့ရင် ကျန်းမာရေးဦးစီးဌာနတွေနဲ့ ဆက်သွယ်ထိုးနှံလို့ရအောင် စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူးက အခမ်းအနားတွင် ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များသည် အိတ်ချ်ပီဗီ (သားအိမ်ခေါင်းကင်ဆာ) ကာကွယ်ဆေး စတင်ထိုးနှံမိတ်ဆက်ခြင်းကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)