ပန်နန်းဒင် အောက်တိုဘာ ၂၁
ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့တွင်းရှိ ပြည်သူများအား စားနပ်ရိက္ခာ (၃) လစာအတွက် ဆန်အိတ် (၉၆၄)၊ စောင်နှင့် အနွေးထည် (၁၅) အိတ်နှင့် နှာခေါင်းစည်း mask (၂၅၀) ခုထောက်ပံ့ ပေးအပ်ပွဲကို အောက်တိုဘာ ၁၉ ရက် နေ့လယ် (၁၂) နာရီအချိန်က ပန်နန်းဒင်မြို့ရှိ ခါကာဘိုရာဇီခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နောင်မွန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမဘုဒဂုံ၊ ပန်နန်းဒင်မြို့ အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းတို့က အဖွင့်အမှာစကား ပြောကြားပြီး ပူတာအိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်တာဝန်ခံ ဦးစောနွဲ့နေအောင်နှင့် တာ၀န်ရှိသူများက ဆန်နှင့် စောင်၊ အနွေးထည်နှင့် mask များ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့မှ ထောက်ပံ့ ပေးအပ်သည့် ဆန်အိတ် (၉၆၄) အိတ်ကို ဒုတိယအကြိမ် အဖြစ် ဒဇုံဒမ်းကျေးရွာအုပ်စုနှင့် တဆူထု ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမဘုဒဂုံ၊ ပန်နန်းဒင်မြို့ အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ ပူတာအိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်တာဝန်ခံ ဦးစောနွဲ့နေအောင်တို့က အသီးသီးပေးအပ်ခဲ့ပြီး ပူတာအိုလူငယ်များအဖွဲ့မှ တာ၀န်ရှိသူများက စောင်နှင့်အနွေးထည် (၁၅) အိတ်ကို လည်းကောင်း၊ မလိခညီအစ်ကိုများ ကုမ္ပဏီမှတာ၀န်ရှိသူများက mask (၂၅၀) ခုတို့ကို ပန်နန်းဒင်မြို့ အတွင်းရှိ ဒဇုံဒမ်းကျေးရွာ အုပ်စုနှင့် တဆူထုကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် အညီ ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နောယော်ဘော်(ပြန်/ဆက်)