မချမ်းဘော့ အောက်တိုဘာ ၂၁
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး နိုင်ငံတော်စံချိန်စံညွှန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မချမ်းဘော့ မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့ နံနက် (၁၀) နာရီခန့်က မချမ်းဘော့မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးယန်မီယုံက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မချမ်းဘော့မြို့နယ် အတွင်းရှိ မဲရုံ (၁၇) ရုံသို့ မဲရုံပစ္စည်းများ ၊ မဲပုံများ စစ်ဆေးခြင်း၊ မဲရုံ ပစ္စည်းများ အချိန်မီပေးပို့နိုင်ရေးအတွက် ဆောင်ရွက်ခြင်း၊ မြို့နယ်အတွင်း မဲဆန္ဒနယ်အလိုက် မဲရုံလုံခြုံရေးအတွက် စီမံဆောင်ရွက်ထားခြင်း စသည့်လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခွန်လင်းဦး (ပြန်/ဆက်)