မန္တလေး အောက်တိုဘာ ၂၁
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအစီအစဉ်၌ သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံပေးရန် အသိပေး တင်ပြပွဲ နှင့် ကာကွယ်ဆေးထိုးနှံပေးခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်ရွှေက ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း အစီအစဉ်တွင် သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး(HPV) စတင်ထည့်သွင်း ထိုးနှံပေး ရခြင်းအကြောင်းကို အသိပေးရှင်းလင်း ပြောကြားသည်။
ထို့နောက် အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်းရှိ အမျိုးသမီး ကလေးငယ်များအား မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသူနာပြုဆရာမများက သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကို ထိုးနှံပေးကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ ဌဒေါ်နုနုဆွေ၊ မြို့နယ်ပညာရေးမှူး ဒေါက်တာစမ်းပပကျော်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က ကလေးငယ်များအား လက်ဆောင်ပစ္စည်းများ အသီးသီး ပေးအပ်ကြသည်။
အခမ်းအနားသို့ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် ပညာရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် သူနာပြုဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့် အမျိုးသမီးကလေးငယ်များ တက်ရောက်ကြသည်။
အောင်မြေသာစံမြို့နယ်တွင် သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးကို အောက်တိုဘာ ၂၀ ရက်နေ့မှ စတင်၍ မြို့နယ်အတွင်း၌ အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်းရှိ အမျိုးသမီး ကလေးငယ်(၁၉၆၇)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)