မတ္တရာ အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်အစီအစဉ်တွင် အိတ်ချ်ပီဗီ ကာကွယ်ဆေးစတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၁နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော် MICC-2၌ကျင်းပသည့် ဗဟိုအဆင့် ဖွင့်ပွဲတွင် Video Conferencing အစီအစဉ်ဖြင့် ပြုလုပ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ အဖွင့် မိန့်ခွန်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက HPV ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့မှုများကို အခမ်းအနားသို့တက်ရောက်လာသူများအား Projecter ဖွင့်လှစ်ပြသခဲ့သည်။
ထို့နောက် အသက်(၉)နှစ်(၁၀)နှစ်အထိ မိန်းကလေးငယ်(၁၅)ဦးကို ကာကွယ်ဆေး ထိုးခြင်းကို စတင် ဆောင်ရွက်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန့်လွင်ထွန်းနှင့် လူမှုရေးအသင်းအဖွဲ့တို့မှ အားပေးကြည့်ရှုခဲ့ကြပြီး ကလေးငယ်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြ သည်။
အဆိုပါ HPV ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို အောက်တိုဘာ ၂၁ရက်နေ့မှ ၂၃ရက်နေ့အထိ မိန်းကလေးငယ် (၂၇၉၇)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ပြီး ဒုတိယ အကြိမ် အဖြစ် (၁၂)လ အကြာတွင် တစ်ကြိမ် ထပ်မံထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)