အိမ်မဲ၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

အိမ်မဲ အောက်တိုဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး OSS ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်ဝင်းက ကြိုတင်ဆန္ဒမဲပေးရာတွင် အသက် ၆၀ နှစ်အထက်ရှိသူများ ကြိုတင်ဆန္ဒမဲပေးလိုပါက ပေးနိုင်ရေး ဆောင်ရွက်နိုင်ရေးကိစ္စ၊ မဲဆွယ်စည်ရုံးရေးများ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများ လိုက်နာရမည့်ကိစ္စရပ်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းများ ဖွင့်လှစ်ရေးကိစ္စနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေးရေး ကိစ္စများ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကြိုတင်မဲပုံးချိတ်ပိတ်ဆောင်ရွက်ခြင်းနှင့် ကြိုတင်မဲများ မဲပုံးအတွင်း ထည့်သွင်းခြင်းများကို နိုင်ငံရေး ပါတီများ ရှေ့တွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်အနေဖြင့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက် ကျေးရွာအုပ်စု (၁၀၂)အုပ်စု၌ မဲရုံပေါင်း(၁၆၂)ရုံဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ကျား (၇၁၈၁၈) ဦး မ (၇၇၃၇၃)ဦး စုစုပေါင်း ၁၄၉၁၉၁ ဦးရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)