တောင်သာ အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားအိမ် ခေါင်းကင်ဆာ ကာကွယ်ဆေး HPV ကိုပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်အစီအစဉ်တွင် စတင်ထည့်သွင်း ခြင်းအသိပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပေးရှင်းလင်းပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာချိုချိုဝင်းက ပုံမှန်ကာကွယ် ဆေးထိုး အစီအစဉ်တွင် အသက်(၉)နှစ်မှ(၁၀)နှစ်ထိ မိန်းကလေးများအား HPV သားအိမ် ခေါင်းကင်ဆာ ကာကွယ်ဆေး ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။
အဆိုပါ HPV ကာကွယ်ဆေးကို အောက်တိုဘာ(၂၀)ရက်မှစတင်၍ သတ်မှတ်ထား ကာကွယ်ဆေးထိုးစုရပ်များတွင် အသက်(၉)နှစ်မှ(၁၀)နှစ်အထိ မိန်းကလေးများကို(၁၂)လခြား၍(၂)ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ပြီး တောင်သာ မြို့နယ်တွင် HPV ကာကွယ်ဆေးထိုးနှံပေးရမည့် အသက်(၉)နှစ်မှ(၁၀)နှစ်အထိရည်မှန်း မိန်းကလေးဦးရေ (၂၂၂၂)ဦးရှိပြီး အခမ်းအနား အပြီး တွင် အသက်(၉)နှစ်မှ(၁၀)နှစ်အထိ မိန်းကလေး(၁၀)ဦးအား HPV ကာကွယ် ဆေးထိုးနှံပေးလှက်ရှိကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)