နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask ခုဝယ်ခုတပ် ဆောင်ရွက်

နောင်ချို အောက်တိုဘာ ၂၁ 

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး အသိပေးချက်များနှင့်အညီ နှာခေါင်းစည်း Mask များ တပ်ဆင်သည့် အလေ့အကျင့်များ ရရှိစေရေး အတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိသူများအား Mask တစ်ခုကို ၂၀၀ ကျပ်နှုန်းဖြင့် ခုဝယ်ခုတပ် စနစ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေသည့် စနစ်ကို  အောက်တိုဘာလ၁၉ ရက်နေ့မှ ယနေ့ နံနက်ပိုင်းထိ နောင်ချိုမြို့မ ဈေးထောင့်များနှင့် လမ်းဆုံ များတွင် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ ပူးပေါင်း ၍ ယခင်အစောပိုင်း ကာလများတွင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊  Mask များ  အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ  ၁၉ ရက် မှစ၍ Mask တပ်ဆင်ခြင်း မရှိပဲ သွားလာနေသူများ၊ ဈေးသည်၊ ဈေးဝယ် များအား  Mask တစ်ခုကို  ၂၀၀ ကျပ် နှုန်းဖြင့် ခုဝယ်ခုတပ် စနစ်ကို ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွေးငယ် (နောင်ချို ပြန်/ဆက်)