မိုင်းဆတ်မြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်းအစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း အသိပညာပေးဆွေးနွေး

မိုင်းဆတ် အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းအစီအစဉ်တွင် သားအိမ်ခေါင်း ကင်ဆာ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း အသိပညာပေး ဆွေးနွေးခြင်းကို ယမန်နေ့မွန်းတည့် (၁၂)နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး က အမှာစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်ဇေယျ က သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံပေးရခြင်းနှင့် စပ်လျဉ်း၍ မြို့နယ်အတွင်း ထိုးနှံပေးမည့် အစီအစဉ်များနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာများကို အသေးစိတ် ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍  နိုင်ငံတော်အဆင့် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံခြင်းဖွင့်ပွဲအား ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန Facebook Page မှ တိုက်ရိုက်ထုတ်လွှင့်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့်ခွန်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ပုံမှန်ကာကွယ် ဆေးထိုး/တိုက် အစီအစဉ်တွင် (HPV) စတင်ထည့်သွင်းခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားမှုအား  တိုက်ရိုက်ပရိုဂျက်တာဖြင့် ပြသပြီးနောက် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ် (၁၀)ဦးတို့အား သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးအား အသက်(၉)နှစ်မှ (၁၀)နှစ်ရှိအမျိုးသမီးငယ်များ သည် တစ်နှစ်ခြား(၂)ကြိမ် ထိုးနှံရမည်ဖြစ်ကြောင်း၊ ပထမအကြိမ်အဖြစ် အောက်တိုဘာလ (၂၁) ရက်နေ့တွင် စတင်ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း၊ မိုင်းဆတ်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေး ထိုးနှံပေးရန် အမျိုးသမီးငယ် (၁၆၀၀)ဦးခန့်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျထံမှ သိရသည်။

မြင့်မောင်(ပြန်/ဆက်)