ရမည်းသင်းမြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား (HPV) ကာကွယ် ဆေး စတင်ထိုးနှံပေး

ရမည်းသင်း    အောက်တိုဘာ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁နာရီက ပုံမှန်ကာကွယ်ဆေးထိုး/ တိုက် အစီအစဉ်တွင် (HPV)  ကာကွယ်ဆေး စတင် ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကာကွယ်ဆေး စတင် ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့် ဖွင့်ပွဲနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်စုကြည် Zoom ဗီဒီယိုဖြင့် အဖွင့်မိန့်ခွန်းကိုကြည့်ရှုကာ ကျန်းမာရေးနှင့် အားကစာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက (HPV)ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်းကို ရှင်းလင်းပြောကြားပြီး ပထမအကြိမ် (HPV)ကာကွယ်ဆေးထိုးနှံခြင်း သရုပ်ပြဗီဒီယိုသခြင်းတို့ကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန် ၊ခရိုင်နှင့်မြို့နယ် အမျိုးသမီး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်မြင့်မော်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ထို့နောက် မြို့ပေါ်နှင့်ကျေးလက်များရှိ အသက် (၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များကို သားအိမ်ခေါင်းကင်ဆာ ကင်းဝေးစေရေးအတွက် ပထမအကြိမ်  (HPV)ကာကွယ် ဆေးထိုးနှံပေးခြင်းကို သိမ်ကုန်းကျေးလက်ကျန်းမာရေး ဌာနခွဲ၌စတင်ပြီး ကာကွယ်ဆေးထည့်သွင်း ထိုးသွင်းနေသူများကို ကြည့်ရှုအားပေးခဲ့သည်။
ကာကွယ်ဆေးထည့်သွင်းထိုးနှံပေးခြင်းကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလမှစ၍ ပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ်တွင် အသက် (၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ်များ၊ (၁-၉-၂၀၁၀)မှ (၃၁-၈-၂၀၁၁) အတွင်း မွေးဖွားသော အမျိုးသမီးငယ်များကို ပထမအကြိမ် ထည့်သွင်းထိုးနှံသွားမည်ဖြစ်ပြီး ကာကွယ်မှုအပြည့်အဝရ ရှိရန်အတွက် ပထမအကြိမ် ထိုးနှံအပြီး (၁၂) လ ခြားကာ ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝင်းအောင်   (ခရိုင်ပြန်/ဆက်)