ဆီဆိုင် အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိတ်ချ်ပီဗီကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်ဦး ဦးဆောင် သော ကျန်မားရေးဝန်ထမ်းများ က မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် ဟိုခဲရပ်ကွက်၊ ဥတ္တရာရုံ ကျောင်းတိုက်အတွင်းတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
ဆီဆိုင်မြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးငယ် ၁၉၇၀ ဦးရှိရာ ပထမအကြိမ် ထိုးနှံပြီး ၁၂ လအကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦး ထံမှ သိရသည်။
အိတ်ချ်ပီဗီကာကွယ်ဆေးသည် အိတ်ချ်ပီဗီပိုးကြောင့် ဖြစ်ပွားသော သားအိမ်ခေါင်းကင်ဆာနှင့် အခြားကင်ဆာ ရောဂါများမှ ကာကွယ်ပေးနိုင်ပြီး အမျိုးသမီးငယ်များကို အိတ်ချ်ပီဗီ ကာကွယ်ဆေး စောနိုင်သမျှ အစောဆုံးထိုးနှံပေးခြင်းဖြင့် ကာကွယ်မှုအမြင့်မားဆုံး ရရှိနိုင်မည့် အခွင့်အလမ်းတစ်ခု လည်းဖြစ်ကြောင်း သိရ သည်။
ခွန်ရဲထွေး(ဆီဆိုင်)