ကော့သောင်း အောက်တိုဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ အထက(၁)ကျောင်း မြတ်ရတနာခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ကော့သောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်က အဖွင့် အမှာစကားပြောကြားပြီး ကော့သောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ရွေးကောက်ပွဲအရာရှိ ဦးဟိန်းဇော်မြင့်က သင်တန်းပိုချရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းအား လာမည့်ရွေးကောက်ပွဲကာလအတွင်း ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် များအား သင်တန်းနည်းပြများအဖြစ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရွေးကောက်ပွဲနည်းဥပဒေဆိုင်ရာများ၊ မဲရုံကြိုတင်ပြင်ဆင်ခြင်း၊ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲများမှ စာရွက်စာတမ်း၊ ဆက်စပ်ပစ္စည်းများ လွှဲပြောင်းလက်ခံခြင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲစာရင်းစစ်ဆေးသူများ၏ လုပ်ငန်းတာဝန်များ၊ မဲလက်မှတ် ထုတ်ပေးသူ၊ လုံခြုံရေးနှင့် မင်တို့သူတို့၏ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပုံစံ(၁၆) လက်တွေ့လေ့ကျင့် ဆောင်ရွက်ခြင်းနှင့် မဲရုံမဖွင့်မီ၊ မဲရုံဖွင့်ချိန်မှ ပိတ်သိမ်းချိန်ထိ မဲရေတွက်ထုပ်ပိုးခြင်းနှင့် စနစ်တကျအပ်နှံခြင်း ဆိုင်ရာ မဲရုံလုပ်ငန်းစဉ်များအား စာတွေ့လက်တွေ့ သရုပ်ပြသင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။
ကော့သောင်းမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများအပါဝင် မဲဆန္ဒရှင်ဦးရေ (၁၀၀၂၀၁) ဦး ရှိပြီး အထွေထွေရွေးကောက်ပွဲအား မဲရုံပေါင်း (၇၅) ရုံဖြင့် လာမည့်နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါမဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် (၁၂၉၂) ဦး ရှိကာ ယခုသင်တန်းတွင် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး (၁၅၀) ဦးအားအား ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ သင်တန်းချိန်တစ်နေ့လျှင် (၃၀) ဦး နှုန်းဖြင့် (၅) ကြိမ် ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးမြောက်သည့် မဲရုံမှူးနှင့် ဒုတိယ မဲရုံမှူးများက မိမိတို့တာဝန်ကျရာ နယ်မြေအလိုက် မဲရုံအဖွဲ့ဝင်များအား ထပ်မံဆင့်ပွား ပို့ချပေးကြမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)