နောင်မွန်မြို့နယ်၌ မဲရုံလုံခြုံရေး တာဝန်ယူမည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါ လက္ခဏာ ရှိ/မရှိ စစ်ဆေး

နောင်မွန်  အောက်တိုဘာ  ၂၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အေးချမ်းတည်ငြိမ်စွာဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် အထူးရဲသင်တန်းကို ဖွင့်လှစ်ရာ လုံမောင်ခန်းမသို့ ယမန်နေ့နံနက် (၁၀) နာရီခန့်က ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အပူချိန်တိုင်းတာခြင်းနှင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာ ရှိ/ မရှိ ဆေးစစ်ခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရန်ပိုင်စိုးဦးနှင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ က နောင်မွန်မြို့နယ်အတွင်း ရွေးကောက်ပွဲကာလတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ကြမည့် မဲရုံ (၂၅) ရုံတွင်ခန့်အပ်မည့် အထူးရဲ (၂၅) ဦးအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လက္ခဏာများ ဆေးစစ်ခြင်းများ ပြုလုပ်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် ဆောင်ရန်/ရှောင်ရန်များနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါအထူးရဲသင်တန်းကို အောက်တိုဘာ (၁) ရက်နေ့မှ ယနေ့အထိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ သင်တန်းပေးနေပြီး သင်တန်းပေးသည့် ကာလမှယနေ့အထိ ကျန်းမာရေးကောင်းမွန်စွာဖြင့် တက်ရောက်ကြကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်အောင်က ပြောသည်။

မြနန်း(ပြန်/ဆက်)