ကန်ပက်လက် အောက်တိုဘာ ၂၁
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်လမ်းညွှန် အမှာစကား ပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခိုင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စီမံကိန်း ရည်မှန်းချက်များကို ရှင်းလင်း ဆွေးနွေးသည်။
ကန်ပက်လက်မြို့နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တွင် ကဏ္ဍအလိုက် စီမံကိန်းရည်မှန်းချက်နှင့် ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်၊ ကဏ္ဍအလိုက် ရည်မှန်းချက်တွင် ကဏ္ဍကြီးများအလိုက် စုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (၂၀၁၅-၂၀၁၆) ပုံမှန်စျေးနှုန်းများအရ ကျပ်သန်းပေါင်း (၂၂၈၅၄.၈) သန်း၊ နှစ်အလိုက်စျေးနှုန်းများအရ ကျပ်သန်းပေါင်း (၂၈၀၉၀.၃) သန်း ရရှိရန် ရည်မှန်းထားပြီး နိုင်ငံပိုင် ရင်းနှီးမြုပ်နှံမှု (ငွေလုံးငွေရင်း) ရည်မှန်းချက် အနေဖြင့် ကန်ပက်လက်မြို့နယ်တွင် ကျေးလက်နှင့်မြို့ပြဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု ရန်ပုံငွေဖြင့် ကျပ်သန်းပေါင်း (၅၂၆၉.၇၀၇) သန်းနှင့် ပြည်နယ်ရန်ပုံငွေ ကျပ်သန်းပေါင်း (၉၃၃၆.၁၉၁) သန်း စုစုပေါင်း (၁၄၆၀၅.၈၉၈) ကျပ်သန်း အသုံးပြုရန်လျာထားကြောင်း မြို့နယ်စီမံကိန်းရေးဆွဲရေးဌာန မြို့နယ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခိုင် ထံမှ သိရသည်။
ထို့နောက် ကဏ္ဍအလိုက် တာဝန်ခံရသည့်ဌာနများသို့ တာဝန်ရှိပုဂ္ဂိုလ်များအလိုက် စီမံကိန်း ရည်မှန်းချက်တာဝန်များကို လွှဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သန်းမောင်(ပြန်/ဆက်)