ရွှေကူ အောက်တိုဘာ ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်း အသိပေးဆွေးနွေး ခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်း အသိပေးဆွေးနွေးခြင်းနှင့် ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးယုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာစိုင်းထွန်းက ကမ္ဘာတစ်ဝန်း သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုအခြေအနေများ၊ အိတ်ချ်ပီဗီ ပိုးကူးစက်ပြီး ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများ၊ အိတ်ချ်ပီဗီပိုးနှင့် ကင်ဆာများဆက်စပ်ပုံ၊ သားအိမ်ခေါင်း ကင်ဆာရောဂါ လက္ခဏာများ၊ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးထိုးနှံခြင်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးတို့၏ HPV ကာကွယ်ဆေး စတင်ထိုးနှံခြင်းဆိုင်ရာ မိန့်ခွန်းပြောကြားချက်များအား Video Conferencing ဖြင့် ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အခြေခံကျန်းမာရေး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက် ၉ နှစ်မှ ၁၀နှစ်အရွယ် မိန်းကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါမိန်းကလေးငယ်များအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံအပြီး ၁၂ လခြားကာ ဒုတိယအကြိမ်ကို ထိုးနှံပေးသွားမည် ဖြစ်သည်။
ရွှေကူမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးအား ပထမအကြိမ်အဖြစ် မိန်းကလေးငယ် စုစုပေါင်း (၉၉၈)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရွှေကူမြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးရုံးမှ သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)