လေးမျက်နှာမြို့နယ်တွင် ကြိုတင်မဲလက်မှတ်ထည့်မည့် မဲပုံးအားလုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်

လေးမျက်နှာ အောက်တိုဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် ကြိုတင်မဲလက်မှတ်ထည့်မည့် မဲပုံးအားလုံခြုံရေးကြိုးဖြင့်  ချိတ်ပိတ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဖြိုးမှ ကြိုတင်ဆန္ဒမဲနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက် ရမည့် စည်းကမ်းချက်များ ပြောကြားပြီးကြိုတင် ဆန္ဒမဲပုံးအား လုံခြုံရေးကြိုး တပ်ဆင်ချိတ်ပိတ်ခြင်းနှင့် မဲလက်မှတ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ညွန်ကြားချက်များအား ရှင်းလင်း ပြောကြားသည်။

ထို့နောက်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က ကြိုတင်ဆန္ဒမဲပုံးအား ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်များရှေ့တွင် လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်တပ်ဆင်ခြင်း ဆောင်ရွက်ခဲ့သည်။

လေးမျက်နှာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၄၈)အုပ်စုမှ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများအရ (၈၃၂၇၇)ဦးရှိပြီး မဲရုံပေါင်း(၁၈၈ရုံ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)