ဒီးမော့ဆို ဇန်နဝါရီ ၇
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် မှုခင်းအန္တရာယ်နှင့် ပတ်သက်၍ ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေးအသိပညာပေးလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီက စံပြ (၆) မိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းနှင့် မြို့မရဲစခန်းမှူး ဒုရဲမှူးအနိုင်တို့က မြို့နယ်အတွင်း ဖြစ်ပေါ်နေရသော ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ပြည်သူလူထုများ လိုက်နာဆောင်ရွက်ရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ရောင်းဝယ်ဖောက်ကားခြင်း၊ သုံးစွဲခြင်းမရှိစေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ဆွေးနွေးပြောကြားကြသည်။
ထို့နောက် တက်ရောက်လာကြသော ကျေးရွာပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးက မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင် ဖြေကြားခဲ့ကြောင်း သိရသည်။
ရီရယ် (ဒီးမော့ဆို)