ရှင်ဗွေယန် အောက်တိုဘာ ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် အသက်(၉)နှစ်မှ (၁၀) နှစ်အထိ မိန်းကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာ (HPV) ကာကွယ်ဆေးကို ယနေ့နံနက် (၉) နာရီတွင် ကျေးလက် ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးသည် အိတ်ပီဗီ ပိုးကြောင့် ဖြစ်ပွားတတ်သော သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပေါ်တတ်သော ကင်ဆာရောဂါများကို ကာကွယ်နိုင်ကြောင်းနှင့် ၁-၉-၂၀၁၀ ရက်မှ ၃၁-၈-၂၀၁၁ ရက်နေ့တွင် မွေးဖွားသည့် အသက်(၉)နှစ်မှ အသက်(၁၀) နှစ်ကြား မိန်းကလေးငယ်များကို ထည့်သွင်းထိုးနှံပေးခြင်းဖြစ်ကြောင်း အမျိုးသမီး ကျန်းမာရေး ဆရာမဒေါ်သီတာက အသိပညာပေး ဆွေးနွေးခဲ့ပါသည်။
အိတ်ပီဗီ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် အသက်(၉) နှစ်မှ အသက်(၁၀)နှစ်ကြား မွေးဖွားသည့် မိန်းကလေးငယ်များကို စာရင်းကောက်ယူခဲ့ရာ ရှင်ဗွေယန်မြို့တွင် (၈၀) ဦးရှိပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အောက်တိုဘာလ (၂၁) ရက်မှ (၂၄) ရက်အထိ ( ၄) ရက်ကြာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လင်းသွယ်ဦး (ပြန်/ဆက်)