ကန်ပိုက်တီ အောက်တိုဘာ ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အထိ မိန်းကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာ (HPV)ကာကွယ်ဆေးကို ယနေ့နံနက် ၈ နာရီတွင် (၁၆)ကုတင်ဆံ့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေးသည် အိတ်ပီဗီပိုးကြောင့် ဖြစ်ပွါးတတ်သော သားအိမ်ကင်ဆာနှင့် မျိုးပွား လမ်းကြောင်းတွင် ဖြစ်ပေါ်တတ်သော ကင်ဆာရောဂါများကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပြီး ဘေးကင်းစိတ်ချရသော ကာကွယ်ဆေးဖြစ်ပါကြောင်း၊ (၁-၉-၂၀၁၀)ရက်နေ့မှ (၃၁-၈-၂၀၁၁)ရက်နေ့တွင် မွေးဖွားသည့် အသက်(၉)နှစ်မှ အသက်(၁၀) နှစ်ကြား မိန်းကလေးငယ်များကို ထည့်သွင်းထိုးနှံပေးခြင်း ဖြစ်ကြောင်းကို ဒေါက်တာ တောင်ဇင်အောင်ထံမှ သိရသည်။
အိတ်ပီဗီကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် အသက်(၉)နှစ်မှ အသက်(၁၀)နှစ်ကြား မွေးဖွားသည့် မိန်းကလေးငယ်များကို စာရင်းကောက်ယူခဲ့ရာ ကန်ပိုက်တီမြို့တွင် (၂၉) ဦးရှိပြီး ယနေ့တွင် မိန်းကလေးငယ် (၂၂)ဦးတို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဇယ်ဇောင်း(ပြန်/ဆက်)