ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေး စစ်ဆေးမှုများကို နေရာ (၂) နေရာတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ခိုင်ကမ်းအောက်တိုဘာ၂၁

ချင်းပြည်နယ် ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ကိုဗစ် - ၁၉ မဖြစ်ပွားရေးအတွက် ကျန်းမားရေး စစ်ဆေးမှုများကို ခိုင်ကမ်းမြို့အခြေခံပညာကျောင်းနှင့် ခိုင်ကမ်းမြို့အထွက် စုပေါင်းစစ်ဆေးရေး ဂိတ်စသည့် (၂) နေရာတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခိုင်ကမ်းမြို့အထွက် စုပေါင်းစစ်ဆေးရေးဂိတ်တွင် မနက် (၇) နာရီမှ ညနေ (၇) နာရီအတွင်း မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့ကျေးလက် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများမှ ခိုင်ကမ်းမြို့အတွင်းသို့ အနယ်နယ်အရပ်ရပ်မှ ရောက်လာကြသော ချင်းပြည်နယ်အတွင်း ဝင်ရောက်မည့် အရေးကြီးကုန်စည်နှင့် ကုန်စည်တင်ယာဉ်များအတွက် ခိုင်ကမ်းမြို့ အခြေခံပညာကျောင်း၊ ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးရေးဂိတ်မှ ကိုဗစ်ရောဂါပိုး မရှိကြောင်း စစ်ဆေးပြီးသည့် ထောက်ခံချက်နှင့်အတူ သက်ဆိုင်ရာ ခရီးသွားထောက်ခံချက် ပါ/မပါစစ်ဆေးခြင်း၊ ကိုယ်အပူတိုင်း တာပေးခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်စေခြင်း စသည့်ပုံမှန်စစ်ဆေးခြင်းများအပြင်၊ (Standard Operation procedure - SOP) ပါအတိုင်း စနစ်တကျ လိုက်နာမှုရှိစေရေးအတွက် တာဝန်ယူကြီးကြပ် ဆောင်ရွက်လျက်ရှိသည့်အပြင် ညနေ (၇) နာရီမှ မနက်(၇)နာရီအတွင်းတွင်လည်း ရဲတပ်ဖွဲ့ဝင်များမှ အလှည့်ကျတာဝန်ချထားမှုစနစ်ဖြင့် နေ့/ညမပျက် တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့အပြင် ခိုင်ကမ်းမြို့ အခြေခံပညာကျောင်း၊ ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးရေး ဂိတ်တွင်လည်း Positive ဖြစ်ပေါ်သည့်မြို့များမှ လာရောက်သည့် ယာဉ်မောင်းနှင့် နောက်လိုက်များကို နှစ်ပတ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပေးသည့် Negative ဖြစ်ကြောင်း ထောက်ခံချက်မပါသူများ အတွက် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိနံနက်ပိုင်းတွင် (၁၀) နာရီမှ (၁၂) နာရီအထိနှင့် ညနေ (၃) နာရီမှ ညနေ(၅)နာရီအထိ စသည့်အချိန်များတွင် (Rapid Test) စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။           

ဝုန်လွန်းညောင်(ခိုင်ကမ်း)