လွယ်ဂျယ် အောက်တိုဘာ ၂၁
ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့၌ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း မိန်းကလေးငယ်အား သားအိမ်ခေါင်း ကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက စတင်ပြီး ကျေးလက်ကျန်းမာရေးဌာနတွင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဒေါ်ထားထားမိုးက သားအိမ်ခေါင်း ကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံရခြင်းနှင့် ရောဂါလက္ခဏာများကို ကာကွယ်ဆေးလာရောက်သူ မိန်းကလေးငယ်များနှင့် မိဘများ အား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်ရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေးငယ်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ လမ်းညွှန်ချက်နှင့်အညီ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
ယင်းသို့ ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့နှင့် ၂၀၁၁ခုနှစ်၊ ဩဂုတ်လ (၃၁)ရက်နေ့ အတွင်း မွေးဖွားသူ အသက်(၉)နှစ်၊ (၁ဝ)နှစ် မိန်းကလေးငယ်များကို ယခုနှစ်မှ စတင် ဆောင်ရွက်ခြင်းဖြစ်ပြီး (၁)နှစ်ခြား၍ (၂)ကြိမ် ထိုးနှံသွားမည်ဖြစ်ကြောင်း၊ မြို့ပေါ်(၇)ရပ်ကွက်တွင် အသက်(၉)နှစ်(၁၀)နှစ် မိန်းကလေးငယ်(၁၃၂)ဦးကို ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနဌာနမှ သိရသည်။
ထွန်းထွန်းနိုင် (ပြန်/ဆက်)