မံစီ အောက်တိုဘာ ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၌ အသက်(၉)မှ(၁၀)နှစ်အရွယ် မိန်းကလေးငယ်များကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် HPV ကာကွယ်ဆေးစတင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကောင်ရာရပ်ကွက်နှင့် ပြင်ဦးလွင်ရပ်ကွက်အတွင်းမှ ကလေးများ ကို မံစီမြို့တော် ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အိတ်ချ်ပီဗီကာကွယ်ဆေးကို အသက် ၉ နှစ်မှ ၁၀ နှစ်အထိ မိန်းကလေးငယ်များအား အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်အထိ တစ်ကြိမ်ထိုးနှံပေးပြီးနောက် (၁၂) လခြားပါက တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် မံစီမြို့နယ် အတွင်းတွင် ပထမအကြိမ်၌ မိန်းကလေးငယ် (၇၈၁) ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ သိရသည်။
မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက် အစီအစဉ်တွင် အိတ်ချ်ပီဗီ ကာကွယ်ဆေး စတင်ထည့်သွင်းခြင်းဖွင့်ပွဲ (မိတ်ဆက်ရှင်းလင်းခြင်း) အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရိန် (ပြန်/ဆက်)