(၁၀၃)ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီ လှည့်လည်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့ (၁၀၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီ လှည့်လှည်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီတွင် ပျဉ်းမနားမြို့နယ်၊ နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားများစံကျောင်းတော် တပ်တွင်းဓမ္မာရုံ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ (၁၀၃)ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီလှည့်လှည်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြ သည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ဝတ်ဖြူတော်အသင်းများမှ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီ လှည့်လှည်ပူဇော်ရန် ပင့်ဆောင်လာကြရာ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်မိသားစုများက ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

နေပြည်တော်၊ ပျဉ်းမနားမြို့တွင် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့တိုင်း ကျင်းပပြုလုပ်သည့် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီလှည့်လှည်ပူဇော်ပွဲသည် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲဖြစ်ပြီး ရပ်နီး၊ ရပ်ဝေးရှိ ပြည်သူအများမှ လာရောက်ဖူးမြော် ကြည်ညိုကြသူများဖြင့် အထူးစည်ကားလှသည့် ဘာသာရေးပွဲတော်တစ်ခုဖြစ်ပြီး မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓ ရုပ်ပွားတော်များဒေသစာရီ ကြွချီလှည့်လှည်ပူဇော်ပွဲကို ရုပ်ပွားတော်များ ပင့်ဆောင်အပူဇော်ခံမည့် အလှပြယာဉ်များတွင် ရောင်စုံလျှပ်စစ်မီးများ ထွန်းညှိပူဇော်ပြီး မြို့နယ်အတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လှည်အပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)