ချီဖွေ အောက်တိုဘာ ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ အိတ်ချ်ပီဗွီ (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင် ထည့်သွင်းခြင်း အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို အောက်တိုဘာ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာ လင်းလင်းထွန်းက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV) ကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်းခြင်း လုပ်ငန်း စတင်ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ သားအိမ်ခေါင်း ကင်ဆာဟာ ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများ စတုတ္ထမြောက် အများဆုံးဖြစ်သည့် ကင်ဆာရောဂါ ဖြစ်ပြီး ချီဖွေမြို့နယ်တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး(HPV)ကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်မှာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ လ(၂၀)ရက်နေ့စတင်ပြီး အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးများကို စတင်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုနောက်တက်ရောက်လာကြသူများက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV) ထိုးနှံ ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးက ပြန်လည် ဆွေးနွေးပြီး ကျန်းမာရေးဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာ အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
ဆက်လက်၍ နေပြည်တော်၌ ကျင်းပသည့် သားအိမ်ခေါင်း ကင်ဆာရောဂါ အိတ်ချ်ပီဗွီ(HPV) ကာကွယ်ဆေးကိုပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို (Video Confirmed) ဖြင့် ကြည့်ရှုအားပေးခဲ့ကြပြီး ချီဖွေမြို့နယ် အသက်(၉)နှစ်မှ (၁၀)နှစ် အရွယ် မိန်းကလေး ငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံပေးခဲ့ပြီး လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌက အလှူငွေများ ပေးအပ်ခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံများ၊ ရပ်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လှုမှုရေးအဖွဲ့အစည်းများ၊ မြို့နယ်အမျိုးသမီးရေးရာ/ မိခင်နှင့် ကလေးအသင်းအဖွဲ့တို့က တက်ရောက်ခဲ့ကြပြီး ချီဖွေမြို့နယ်တွင် အိတ်ချ်ပီဗွီကာကွယ်ဆေးထိုးနှံမည့် အသက် (၉)နှစ်မှ အသက်(၁၀)နှစ်ထိ မိန်းကလေးငယ်(၇၀) ဦး ရှိကြောင်း သိရသည်။
နန်းမြင့်(မြို့နယ်)