ဒီးမော့ဆိုမြို့နယ် အခြေခံပညာကျောင်းများ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ဒီးမော့ဆို ဇန်နဝါရီ ၇

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့ အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဒီးမော့ဆိုမြို့နယ် ပညာရေးစုံညီပွဲတော် မုခ်ဦးအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောစိန်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ ပြည်နယ်ပညာရေးမှူး ဦးစောအယ်ဒိုဝါး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သန္တာဆွေဆွေ ကျော်၊ မြို့နယ်ပညာရေးမှူး ဒေါ်နော်အယ်ဖောနှင့် ရပ်မိရပ်ဖ တစ်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး မုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။

ဆက်လက်၍ ဒုတိယပိုင်း အခမ်းအနားကို ကျောင်းခန်းမ၌ ဆက်လက်ကျင်းပရာ အခြေခံပညာ အထက်တန်းကျောင်းခွဲ (ဒေါတမငယ်) မှ ကျောင်းသား/သူများက ကြိုဆိုပါသည် စုံညီပွဲတော် သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။

ထို့နောက် ပြည်နယ်ပညာရေးမှူး ဦးစောအယ်ဒိုဝါးက အမှာစကား ပြောကြားပြီး မြို့နယ် ပညာရေးမှူး ဒေါ်နော်အယ်ဖောက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပညာရေးနှင့် အားကစားဆိုင်ရာ ထူးချွန်ဆုရရှိသော ကျောင်းသား/ သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး ကျောင်းသား/သူများက တိုင်းရင်းသား ရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

ရီရယ် (ဒီးမော့ဆို)