ကျုံပျော် ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီးအတွင်း (၁၆) ကြိမ်မြောက်ကျင်းပမည့် မြို့နယ်အဆင့်ကလေးစာပေပွဲတော် (ကျုံပျော်) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်ခြင်း၊ ပြိုင်ပွဲ၊ ပြခန်းများပြသနိုင်ရေး စတင် ပြင်ဆင်ခြင်းနှင့် ဖျော်ဖြေပွဲများ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကလေးစာပေပွဲတော်ကို ကျုံပျော်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ဇန်နဝါရီ ၁၀၊ ၁၁ ရက်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပြီး၊ ပွဲတော်တွင် ကလေးများအတွက် ကဗျာရွတ်၊ ပုံပြော၊ ပန်းချီ၊ ဆေးရောင်ခြယ်နှင့် ကျပန်းစကားပြောပြိုင်ပွဲများ၊ အိမ်ဆောက်၊ အရုပ်ဆက်၊ စကားပုံဆက်၊ အာလူးကောက်၊ ဘောလုံး လက်ဆင့်ကမ်း၊ ခြေ/လက် ထောက်၊ ဆန်ကောရွက်၊ လက်ဝါးပန်းချီရေးဆွဲခြင်း စသည့် ကစားနည်းများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။
ပြခန်းများအနေဖြင့် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်း၊ စာအုပ်ပြခန်းနှင့် ကလေးစာဖတ်ခန်း၊ ပညာရေးပြခန်း(၄)ခန်း၊ ပန်းချီပြခန်း၊ စာပေချစ်သူများအဖွဲ့ (Book Club) ပြခန်း၊ မီးသတ်တပ်ဖွဲ့နှင့် သဘာဝဘေးပြခန်း၊ အမေ့မေတ္တာ အမျိုးသမီးပရဟိတအဖွဲ့ပြခန်း၊ ရင်ခွင်မဲ့ လျှော့ချရေးအဖွဲ့ပြခန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြခန်း၊ စိုက်ပျိုးရေးနှင့် ဒေသထွက်ကုန်ပြခန်း၊ ကျန်းမာရေးနှင့် ကြက်ခြေနီပြခန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြခန်းစသည့် ပြခန်းပေါင်း (၁၂) ခန်း ပါဝင်ပြသသွားမည်ဖြစ်ကာ၊ စာရေးဆရာ (၁၂) ဦးတို့ကလည်း ကလေးများအသိပညာဗဟုသုတတိုးပွားစေရန် စာပေဟောပြောဆွေးနွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကလေးငယ်များ၏ ကပြဖျော်ဖြေမှု (၈၀) ခုအပါအဝင် စတုဒိသာကျွေးမွေးလှူဒါန်းမှုများ၊ ကလေးများစိတ်ဝင်စားဖွယ်ရာ 3D ဗီနိုင်းများ၊ လူဝင်ရုပ်များ၊ စာအုပ်အရောင်းဆိုင်များကိုလည်း ထားရှိပေးသွားမည်ဖြစ်သောကြောင့် မည်သူမဆိုလွတ်လပ်ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
နေဝင်း(ကျုံပျော်)