ကန်ပက်လက် အောက်တိုဘာ ၂၂
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် သင်တန်းကို ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့ အထက (ဇလပ်ဝါ) ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ကြသည်။
အဆိုပါဖွင့်ပွဲတွင် ကန်ပက်လက်မြို့နယ် ကော်မရှင်ဥက္ကဋ္ဌ ဦးမြမောင်းက အဖွင့်လမ်းညွှန်အမှာစကား ပြောကြားပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကီးလောက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်သည်များကို သင်တန်းသားများအား ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ သင်တန်းပို့ချရာတွင် မြို့နယ်ဥပဒေအရာရှိ ဦးကျော်စိုးသူက မဲရုံအတွင်း ဝင်ရောက် ခွင့်ရှိသူများ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ အကြောင်းကိုလည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ပေါင်ရှန်းလျန်က မဲရုံတည်နေရာအခင်းအကျင်း ကြိုတင်ပြင်ဆင်မှုများ ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ် တားဆီးရေး စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးကို၎င်း၊ မြို့နယ်အဖွဲ့ဝင် ဦးအေးမောင်က မသန်စွမ်းသူများ အကူအညီလိုအပ်သူ မဲဆန္ဒရှင်များ မဲပေးခြင်းနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ ဆောင်ရန်ရှောင်ရန် အချက်များကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) မဲရုံ (၃၈) ရုံမှ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် (၇၁) ဦးတို့သည် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် စံနှင့်အညီ အခန်း (၃) ခန်းခွဲ၍ အောက်တိုဘာ ၂၂ ရက်မှ ၂၃ ရက်ထိ သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းမောင်(ပြန်/ဆက်)